ပြည်သူက မြစ်တစင်း၊ စစ်အစိုးရက ရေခွက်ငယ်


ပြည်သူက မြစ်တစင်း၊ စစ်အစိုးရက ရေခွက်ငယ်
Monday, 18 May 2009 18:13 ကေတီဦး
မြန်မာ စစ်အစိုးရဟာ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ထဲက ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အတိုက်အခံ နိုင်ငံရေးသမားတွေကို ပါဝင်ခွင့်မရအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဖယ်ရှင်းနေပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ နောက်ဆုံးလုပ်ရပ်ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမဲ့ အချိန်မှာ နောက်ထပ်ဖမ်းဆီးထားနိုင်အောင် လုပ်ကြံဇာတ်လမ်းတခု ဖန်တည်းပြီး အင်းစိန်ထောင်ကို ပို့၊ နောက် တော့ ရာဇဝတ်ပြစ်မှု ပုဒ်မ (၂၂) နဲ့ တရားစွဲဆိုလိုက်ပြန်တာပါပဲ။
ဒီလုပ်ရပ်ဟာ ပြည်သူလူထုထောက်ခံမှု အပြည့်အဝရထားတဲ့ လူထုခေါင်းဆောင်ကို လူထုနဲ့ မထိတွေ့ နိုင်အောင်စီမံတဲ့ အစီအမံအကောက်ကြံမှုတခုသာ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူပြည်သားတွေသာမက ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတကာကပါ သိသာမြင်သာတဲ့ ကိစ္စဖြစ်ပါတယ်။ စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်ကို တရားစွဲဆိုထားတဲ့ ရာဇဝတ်ပုဒ်မ (၂၂) ဟာ တားဆီးပိတ်ပင်မှုကို ဖောက်ဖျက်တယ်ဆိုတဲ့ ပုဒ်မ ဖြစ်ပါတယ်။
သရုပ်ဖော်ပုံအမေရိကန်နိုင်ငံသားတယောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကို အင်းလျားရေပြင်ကိုဖြတ်ပြီး ရေကူးခိုးဝင်လာတယ်ဆိုတဲ့ ကိစ္စဟာ တကယ်တော့ မဖြစ်နိုင်တဲ့ ကိစ္စတခုပါ။ စစ်တပ်ကြီးနဲ့ ဝိုင်းထားတဲ့၊ လုံခြုံရေးစည်း သုံးဆင့်ချထားတဲ့၊ မိန်းမသား ၃ ယောက်တည်း နေထိုင်တဲ့ အိမ်တအိမ်ထဲကို အပြင်လူဝင်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကို ယခင်ထောက်လှန်းရေး အဖွဲ့ဝင်ဟောင်း ဦးအောင်လင်းထွဋ်ကရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံကို လုံခြုံရေးတာဝန်ယူခဲ့ဖူးသူက သတင်းဌာနတွေကတဆင့် သုံးသပ်ပြောဆိုသွားခဲ့ကြပါပြီ။ ဖြစ်ခဲ့တယ်ဆိုရင်လဲ လုံခြုံရေးတာဝန်ယူထားတဲ့ နအဖစစ်အစိုးရမှာသာ တာဝန်ရှိပါတယ်။ တရားးစွဲခြင်းစွဲရင် လုံခြုံရေးတာဝန်ပေါ့လျော့တဲ့ စစ်အစိုးရကိုသာ ပြည်သူလူထုက တရားစွဲဆိုရမှာဖြစ်ပါတယ်။
အခုတော့ အဓိပ္ပါယ်မရှိ စစ်တပ်ကြီးဝိုင်းထားတဲ့ ခြံတခုထဲကို စဉ်းစားဆင်ခြင်ဉာဏ်နဲတဲ့ လူတယောက် ဝင်ရောက်ကူးကျော်တာနဲ့ ကူးကျော်ခံရတဲ့ မိန်းမသား ၃ယောက်ကို တရားခံဖြစ်စေတယ်ဆိုတာ လုံးဝ (လုံးဝ) အခြေအမြစ်မရှိ၊ အကျိုးအကြောင်းမလျော်ကန်တဲ့ လုပ်ကြံစော်ကားမှုတရပ်သာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာလူထုတခုလုံးက ထောက်ခံတဲ့ အမျိုးသားခေါင်းဆောင်အဖြစ် ကမ္ဘာ့အစိုးရတွေနဲ့ အဖွဲ့အစည်းမျိုးစုံက အသိအမှတ်ပြုခံရသူပါ။ သူမဟာ တိုင်းပြည်ရဲ့ အချိန်အခါ၊ အခြေအနေ၊ လိုအပ်ချက်နဲ့အညီ ပေါ်ထွက်လာခဲ့တဲ့ အရည်အချင်းပြည့်စုံတဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလဲ စစ်အစိုးရကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲရဲ့ အနိုင်ရပါတီ ဖြစ်တယ်။
ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အနိုင်ရပါတီတခုရဲ့ ခေါင်းဆောင်ကို အခုလို ၁၃ နှစ်ကြာ နေအိမ်အကျယ်ချုပ် ချုပ်ထားခြင်း၊ အင်းစိန်ထောင်ကိုပို့ပြီး ရာဇဝတ်မှုနဲ့ တရားစွဲဆိုခြင်းဆိုတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက ပြည်သူလူထုကို စော်ကားမော်ကား ပြုကျင့်နေခြင်းနဲ့ အတူတူပါပဲ။ ပြည်သူကို စော်ကားတဲ့ စစ်အစိုးရကို ဦးဆောင်နေသူ စစ်ဗိုလ်ချုပ်ကြီးတွေဟာ လောဘ ဒေါသ မောဟဖုံးလွှမ်းပြီး အမှန်ကို မမြင်နိုင်ဘဲ ပြည်သူကို အထင်သေးနေလို့ပဲ ဖြစ်ပါတယ်။
အမှန်တကယ်တော့ ပြည်သူလူထုဆိုတာ အင်မတန်မှ အင်အားကြီးမားတဲ့ မြစ်တစင်းနဲ့ တူပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်ခေတ်၊ ဘယ်အချိန်၊ ဘယ်ကာလမှာမဆို အမြဲတစေ ဒီပြည်သူလူထုပါပဲ။ မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေဟာ ကမ္ဘာဦး၊ ပုံတောင်ပုံညာ၊ ကျောက်ခေတ်၊ အညာသားတွေက စလို့၊ ရေကြည်ရာမျက်နုရာ ပြောင်းရွှေ့နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းထားတဲ့ ပြည်သူလူထု ဖြစ်ပါတယ်။ သမိုင်းတင်ပြီးနောက် ကာလတလျှောက်လုံး ပြည်သူတွေဟာ ဒီပြည်သူတွေပါပဲ။ သားစဉ်မြေးဆက် မြစ်ကြီးတစဉ်း စီိးဆင်းနေသလို စီဆင်းနေပါတယ်။ ခိုင်မြဲစွာ တည်ရှိနေပါတယ်။ အစိုးရဆိုတဲ့ အုပ်ချုပ်သူတွေကတော့ မင်းလို့ပဲခေါ်ခေါ် ဘုရင်လို့ပဲသုံးသုံး သမ္မတလို့ပဲဆိုဆို ဝန်ကြီးချုပ်လို့ပဲ နာမည်ပေးပေး ဥက္ကဌကြီးလို့ မှည့်မှည့် ဗိုလ်ချုပ်မှူးကြီးလို့ ပြောပြော အမြဲတမ်း ပြောင်းလဲနေတဲ့အရာပါ။
ပြောရရင်တော့ အုပ်ချုပ်သူအစိုးရဆိုတာ မြစ်ကြီးနဲ့တူတဲ့ ပြည်သူလူထုနဲ့ နှိုင်းယှဉ်ရင် ခွက်တခုထဲက ရေမျှသာဖြစ်ပါတယ်။ လူအများက ခွက်ထဲကရေ ကြည်ရင် သန့်ရင် သောက်သုံးမယ်။ မကြည်ရ မသန့်ရင် မသောက်သုံးတော့ဘူး။ ချိုးလို့ရရင် ချိုးမယ်၊ သုံးလို့ရရင် သုံးမယ်၊ ခြေဆေးလို့ရရင် ခြေဆေးမယ်။ ခြေတောင်ဆေးလို့မရလောက်အောင် မသန့်မစင်တော့ဘူးဆိုရင်တော့ ဒီလိုခွက်ထဲက ညစ်ပတ်နံစော်နေတဲ့ ရေကို ဘယ်သူကမှ သုံးစွဲတော့မှာ မဟုတ်ပါဘူး။ ရေပုပ်ရေသိုး ရေညစ်ပတ်တွေကို သွန်ပစ်မယ်။ သွန်မရသေးရင် ဒီအတိုင်း စွန့်ပစ်ထားမယ်ပေါ့။
အစိုးရဆိုတာလဲ ဒီလိုပါပဲ။ မကောင်းတဲ့ အုပ်ချုပ်သူ အစိုးရတခုကို သုံးစွဲဖို့ ဆက်လက်ထားရှိဖို့ဆိုတာ ဘယ်ပြည်သူလူထုကမှ စဉ်းစားမှာမဟုတ်တော့ပါဘူး။ စစ်တပ်အစိုးရ မြန်မာပြည်ကို ဦးဆောင်ခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းကပါ။ အဲဒီအချိန်ကတည်းက စစ်တပ်အစိုးရတွေဟာ စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းတဲ့အပြင် လူထုကို နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခဲ့ကြလို့ ၁၉၈၈ ခုနှစ်မှာတော့ လူထုရဲ့ သည်းခံနိုင်မှုဟာ အဆုံးစွန်ကို ရောက်ခဲ့ပါတယ်။ ပြည်သူလူထုဟာ စစ်တပ်ကြီးစိုးတဲ့ အစိုးရမျိုးနွယ်မှန်သမျှကို မလိုလားတော့ဘူး၊ မနှစ်သက်တော့ဘူးဆိုတဲ့အကြောင်း ကြီးမားကျယ်ပြန့်လှတဲ့ လူထုအုံကြွမှုတွေနဲ့ သက်သေပြခဲ့ကြပြီး ဖြစ်သလို ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲ၊ ပြီးတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးကြီး တွေနဲ့ လည်း ထပ်ဆင့် အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ စစ်အစိုးရ အပေါ်သဘောထားကို သတင်းစာဆရာ ဘတ်တေးလစ်တနာရဲ့ “Outrage” စာအုပ်မှာ ရေးခဲ့တာက ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလမှာ စစ်တပ်က အပစ်အခတ်ရပ်စဲပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်၊ ဆရာမတွေကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အချိန်ဟာ End point တခုပါပဲတဲ့။ ဘယ်လို End point မျိုးလဲဆိုရင် တပ်မတော် ဂုဏ်ရှိတယ်ဆိုတဲ့ နေ့တွေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့တဲ့ အချိုးအကွေ့ point တခုပါတဲ့။ ဒီစကားဟာ သိပ်ကိုမှန်ကန်တယ်လို့ ထင်မြင်မိပါတယ်။ စစ်တပ်အစိုးရဟာ ဒီအတိုင်း ပြည်သူကို ဖိနှိပ်ခြင်းတွေနဲ့သာ မူဝါဒမပြောင်းလဲဘဲ အကျိုးမရှိတဲ့ ခေါင်းမာမှုတွေနဲ့ ဆက်လက် ချီတက်နေဦးမယ်ဆိုရင်တော့ ဂုဏ်သိက္ခာတွေ ဘယ်တော့မှ ပြန်လည်ရရှိနိုင်မယ် မဟုတ်တော့ပါဘူး။
စစ်အစိုးရဟာ ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီး ပြီးကတည်းက ဂုဏ်သိက္ခာမှန်သမျှ ဆုံးရှုံးခဲ့ပြီး ပြည်သူရဲ့ စိတ်ကုန် စွန့်ပစ်ခြင်းကို ခံရတဲ့ ခွက်တခုထဲက ရေပုပ်ရေသိုး ဖြစ်ခဲ့ပါပြီ။ စစ်အစိုးရကို ယခု ဦးဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ လမ်းပြမြေပုံကြီးကိုပဲ ဘယ်လိုပင် ဖက်ထားထား၊ မဲ အလိမ်အညာတွေနဲ့ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လောက်ပဲ အားကိုးကိုး၊ နောက်လာမဲ့ ၂၀၁၀ ခုနှစ်မှာ ဇွတ်အတင်းပြုလုပ်ဦးမယ့် အတုအယောင် ရွေးကောက်ပွဲကိုပဲ ဘယ်တော့မှ မပုပ်မသိုးတော့မယ့် ထမင်းထုပ်ကြီးလို့ထင်ထင် ဒါတွေအားလုံးဟာ ၁၉၈၈ ခုနှစ် ကျောင်းသားလူငယ်တွေ ဦးဆောင်ခဲ့တဲ့ အရေးတော်ပုံ၊ ၁၉၉၀ ခု ရွေးကောက်ပွဲရဲ့ လူထုဆန္ဒဖောပြမှုမဲရာခိုင်နှုန်း၊ ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးတို့နဲ့ နှိုင်းယှဉ်ရင် အရာရာဟာ အချည်းအနှီး ဖြစ်သွားမှာ ဖြစ်ပါတယ်။
လူထုရဲ့ စစ်မှန်တဲ့ ဆန္ဒထောက်ခံမှု မပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခု ဘယ်၍ဘယ်မျှ ခိုင်မာမှုရှိသလဲဆိုတာကို မမေ့နိုင်စရာ၊ မှတ်သားစရာ နမူနာအနေနဲ့ ပြောပြရရင် စစ်ခေါင်းဆောင် ဗိုလ်နေဝင်း ဦးဆောင်နေတဲ့ကာလ ၁၉၇၄ ခုနှစ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မေလမှာ အတည်ပြုခဲ့ပြီး ၁၉၇၄ ခု ဒီဇင်ဘာလမှာ ဦးသန့်အရေးအခင်းလို လူထုအုံကြွမှုတခု ကြီးမားစွာ ပေါ်ပေါက်ခဲ့တာ အထင်ကရ ရှိခဲ့ပါတယ်။ ကြားကာလ ၇ လသာ ခြားခဲ့ပါတယ်။
စစ်အစိုးရအနေနဲ့ ယခုအချိန်မှာ ၂၀၀၈ ခုနှစ်က မတရားတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး စစ်တပ်ကြီးစိုးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတခု အတည်ပြုနိုင်ခဲ့ပြီဆိုပြီး လူထုကို ပမာမခန့်နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်၊ ရွေးကောက်ပွဲမှာ လူထုကနှစ်သက်တဲ့ ဘယ်သူမပါရအောင် လုပ်မယ်၊ ဘယ်ဝါမပါရအောင် လုပ်မယ်၊ ပြီးတော့ တို့စစ်တပ်က ၂၅%၊ ကျန်တဲ့ ၇၅% အတွက် ဒို့နဲ့ ပလင်းတူဗူးဆို့ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေရယ်၊ ဒို့နဲ့ ၁၀၀ မရ ၅၀၊ ၅၀ မရ ၁၀၊ ၁၀ မရ ၅ နဲ့ ဝင်ပူးကြတာပေါ့ဆိုတဲ့ ဈေးချိုချို ပွယောင်းယောင်း မုန့်လေပွေလို လူတွေနဲ့ပဲ ရွေးကောက်ပွဲ လုပ်ချင်ယောင် ဆောင်လိုက်ကြမယ်။ လူထုကနှစ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို ခေါင်းဆောင်တွေနဲ့ အခြား ထက်မြက်တဲ့ ခေါင်းဆောင်အားလုံးကိုတော့ လွှတ်ချိန်တန်လည်း လွှတ်မနေဘူး။ အမှုဆင်ပြီး ထောင်ထဲထည့် ထားလိုက်ကြရင် ဖြစ်တာပဲလို့ ပေါ့ပေါ့လေးတွေးရင် အမှားကြီး မှားပါလိမ့်မယ်။
ပြည်သူဆိုတာ မြစ်တစင်းပါ။ မြစ်ကြီးတမြစ်ရဲ့ သံစဉ်တွေဟာ အမြဲ တဖြောင့်ထဲမရှိနိုင်ပါဘူး။ မြစ်တမြစ်ရဲ့ သံစဉ်တွေဟာ တခါတရံ ငြိမ်ငြိမ်သက်သက် သံစဉ်ရှိမယ်၊ တခါတရံ လှိုင်းကျက်ခွပ်ကလေးတွေ လှုပ်ရှားသလို တိုးတိုးတိတ်တိတ် သံစဉ်ရှိမယ်။ ဒါပေမဲ့ တကြိမ်တခါမှာတော့ အင်မတန်အင်အားကြီးတဲ့ လှိုင်းတံပိုးကြီးတွေနဲ့ သူလိုရာကို ဝုန်းဝုန်းဒိုင်းဒိုင်း ဆွဲမြိုဝါးယူသွားနိုင်တဲ့ အခြေအနေမျိုးကို ရုတ်ချည်း ပြောင်းလဲသွားနိုင်ပါတယ်။ ထို့နည်းအတူ စားဖို့ ၊ နေဖို့၊ ဝတ်ဖို့၊ သားရေးသမီးရေး ဘဝအရေးတွေနဲ့ ရုန်းကန်နေကြရတဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးသံစဉ်တွေဟာလဲ အနိမ့်အမြင့် အတက်အကျ သံစဉ်တွေ ရှိနိုင်ပါတယ်။ အခွင့်မသာလို့ မြစ်ပြင်ကြီး ငြိမ်သက်သလို ငြိမ်သက်နေပေမဲ့ တချိန်ချိန်မှာ အင်မတန်ကြီးမားတဲ့ လှိုင်းဂယက်တွေနဲ့ ဝုန်းဒိုင်းကျဲ ထကြွလာနိုင်ပါတယ်။
ပြည်သူဆိုတဲ့မြစ်ကြီးဟာ နှစ်အသောင်းအသိန်းအသန်း ပျောက်ကွယ်မသွားဘဲ သားစဉ်မြေးဆက် စီးဆင်းပြီး အနိမ့်အမြင့် သံစဉ်တွေနဲ့ ခိုင်မာစွာ တည်ရှိနေဦးမှာဖြစ်ပါတယ်။ စစ်အစိုးရကတော့ ပြည်သူက စွန့်ပစ်ခံရတဲ့ ညစ်ပတ်နေသော ခွက်တခုထဲက ရေ။ ရေမှ ပြန်လည်သန့်စင်ရန် ခက်ခဲသွားပြီဖြစ်တဲ့ ရေဆိုးရေညစ်။ ဒီရေညစ်ရေပုပ်တွေကို အသိဉာဏ်ရှိတဲ့ ဘယ်သူကမှ သုံးစွဲတော့မှာ မဟုတ်ပါဘူး။ ချွင်းချက်အနေနဲ့ အသိဉာဏ်မဲ့တဲ့ ကျီးတို့ ခွေးတို့ ဝက်တို့လို အဟိတ်တိရိစ္ဆန်တို့သာ သောက်သုံးကြပါလိမ့်မယ်။
မြန်မာပြည်သူပြည်သားတွေဟာ ညစ်ပတ်နေတဲ့ ခွက်တခုထဲက ရေညစ်ရေဆိုးတွေနဲ့ အလားတူတဲ့ စစ်အစိုးရကို ၁၉၈၈ ခုနှစ်ကတည်းက နည်းလမ်းမျိုးစုံနဲ့ သွန်ချပြီး ရေကြည်ရေသန့်နဲ့ လဲလှယ်ဖို့ ကြိုးစားနေကြပါပြီ။ ဒါကို ၁၉၈၈ ခု အရေးတော်ပုံ၊ စစ်အစိုးရကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲ၊ ရွှေဝါရောင်တော်လှန်ရေးတွေက သက်သေအရာ တည်ခဲ့ပါပြီ။ ဒီလူထုသက်သေတွေကို မျက်ကွယ်ပြုပြီး ကလိမ်ကကျစ်နဲ့ အာဏာစွန့်လွှတ်ဖို့ ကြောက်လန့်တကြား တောင်ပြောမြောက်ပြော၊ တောင်လုပ်မြောက်လုပ် ဘယ်လိုလုပ်လုပ် နောက်ဆုံးတော့ ပြည်သူကသာ အနိုင်ရမှာ အသေချာပါပဲ။
စစ်အစိုးရရဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ လက်နက်နဲ့ဖိနှိပ်မှုတွေ၊ ဂုဏ်သိက္ခာမဲ့ ညစ်ပတ်မှုတွေ၊ အဆင်ခြင်မဲ့ ကလိမ်ကျမှုတွေကြောင့် ကျောက်ခွက်တခုထဲက ရေကို သွန်ထုတ်တဲ့အခါ ခက်ခဲလေးလံနေသလို ခက်ခဲနေလို့ ပြည်သူတွေဟာ အခိုက်အတန့် ငြိမ်သက်နေပေမယ့် ပြည်သူဆိုတဲ့ မြစ်ကြီးဟာ တနေ့နေ့ တချိန်ချိန်မှာတော့ အင်အားကြီးတဲ့မြစ်ရဲ့ လှိုင်းတံပိုးတွေနဲ့ ကျောက်ခွက်ထဲက ရေဆိုးရေညစ်တွေကိုသာမက ကျောက်ခွက်ကိုပါ ဝါးမြိုချေဖျက် ရိုက်ခွဲတွန်းလှဲပစ်မှာ အသေအချောပါပဲ။
အချုပ်အားဖြင့်ပြောရရင်တော့ နအဖစစ်အစိုးရဟာ ပြည်သူကို အထင်မသေးသင့်ပါ။ မထေမဲ့မြင် မပြုမူသင့်ပါ။ ပြည်သူဆိုတဲ့ ခိုင်မြဲလှတဲ့၊ အင်အားကောင်းလှတဲ့ မြစ်ကြီးကို အံမတုပါနှင့်။ ပြည်သူလူထုက ကိန်းသေ။ ရှိမြဲရှိနေမဲ့အရာ။ အုပ်ချုပ်သူအစိုးရဆိုတာ ကိန်းရှင်။ ရွှေ့လျှားပြောင်းလဲ မခိုင်မြဲတဲ့အရာ။ ဖားကိုတုလို့ ခရုခုန်လျှင် အိုင်ပွက်ယုံသာ ရှိပါလိမ့်မယ်။ ပြည်သူဆိုတဲ့ မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ပေါက်ရင် တနေ့နေ့ တချိန်ချိန်မှာ စစ်အစိုးရဆိုတဲ့ ဇီးစေ့သာလျှင် ကွဲပါလိမ့်မယ်။ ပြည်သူဆိုတဲ့ နံရံကို ခေါင်းနဲ့ မတိုက်ချင်ပါနဲ့။ စစ်အစိုးရဆိုတဲ့ ခေါင်းသာလျှင် ကွဲပါလိမ့်မယ်။ ပြည်သူဆိုတဲ့ မြစ်ကြီးနဲ့ နှိုင်းစာလျှင်လဲ စစ်အစိုးရဟာ ခွက်တခုထဲကရေမျှသာဖြစ်လို့ ပြည်သူက အပြစ်ပေးပြီဆိုရင် နောင်တရချိန် ရှိနိုင်မယ် မဟုတ်ပါဘူး။
ပြည်သူရဲ့ စစ်မှန်တဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိတဲ့ အစိုးရတရပ်ဟာ ရေရှည်မှာ ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်ဘူးဆိုတာ အသေအချာပါပဲ။ နောက်ဆုံးတော့ မြေကြီးလက်ခတ်မလွဲ ကျဆုံး လိမ့်မယ်ဆိုတာ သတိပေးလိုက်ပါရစေ။ အကောင်းဆုံးကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ စစ်အစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ ပြည်သူနဲ့အလှမ်းဝေးရာ နေပြည်တော်စစ်အစိုးရ အမည်ခံ သူပုန်စခန်းမှာ ပုန်းရှောင်ပြီး တိုင်းသူပြည်သားတွေ အမှန်တကယ် လိုချင်နေတဲ့ ဒီမိုကရေစီတိုင်းပြည်သစ် တည်ဆောက်ရေးကို ဖျက်လိုဖျက်ဆီး အဖျက်အမှောင့် အနှောင့်အယှက်တွေ ပေးမနေတော့ဘဲ ပြည်သူ့လူထုရှေ့မှောက်မှာ အချိန် အလွန့်အလွန် မနှောင်းမှီ လွန်ခဲ့သမျှ ဝန်ချတောင်းပန်ပြီး လက်နက်ချ အလင်းဝင်ရောက်ကြရင် အကောင်းဆုံးပါပဲလို့ တိုက်တွန်းနှိုးဆော် အကြံပြုလိုက်ပါတယ်။

ရိုးမ ၃ မှကူးယူဖေါ်ပြသည်

ယနေ့ တရားခွင် ပြီးဆုံး ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 14:45 - မြန်မာစံတော်ချိန်

ယနေ့ တရားခွင် ပြီးဆုံး
ဗုဒ္ဓဟူးနေ့၊ မေလ ၂၀ ၂၀၀၉ ၁၄း၄၅ - မြန်မာစံတော်ချိန်

သံတမန်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ သတင်းထောက်များ အင်းစိန်ထောင် အတွင်းမှ ပြန်လည် ထွက်လာပြီ ဖြစ်သည်

......................................................................................................................... အင်းစိန်ထောင်ရှေ့က ရှင်းလင်းပွဲငယ်
ဗုဒ္ဓဟူးနေ့၊ မေလ ၂၀ ၂၀၀၉ ၁၅း၀၀ - မြန်မာစံတော်ချိန်

အင်းစိန် အကျဉ်းထောင် အတွင်းမှ ပြန်ထွက်လာသူ သတင်းထောက် အချို့က လုပ်ဖော်ကိုင်ဖက်များကို တရားခွင်တွင် မြင်တွေ့ခဲ့ရသည့်များကို ပြန်လည် ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း အထင်းသား ပေါ်လွင်နေသည်ဟု ပါရှိသည်။

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်တော ကတော့ စိုးရိမ် တုန်လှုပ်ဟန် ရှိသည်ဟုလည်း ပါရှိသည်။

ရှင်းလင်း ပြောပြနေစဉ်တွင် စစ်အစိုးရ လက်သပ်မွေး စွမ်းအားရှင်များက အစုပြုံလိုက် နောက်မှ လာရောက်သည့်အတွက် ရှင်းလင်းမှု ရပ်ဆိုင်းသွားပြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်သို့ ဆက်လက် ခရီးဆက်သွားကြသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် မြူးနေသော သန်းရွှေ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆို ဆန္ဒပြပွဲသတင်း


၁၅.၅.၀၉ နေ့ နံနက် ၉း၄၅ နာရီတွင် မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့တော်ရှိ မြန်မာသံရုံးရှေ့၌ NLD ( LA) MALAYSIA ဌာနမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြ ခဲ့ကြပါသည်။ ဆန္ဒပြပွဲသို့ NLD အဖွဲ့ဝင် (၁၀၀) ပါဝင် ဆန္ဒပြကြပြီး ရှေးဦး စွာ ဥက္ကဌ ကိုကျော်ကျော်မှ ဒေါ်အောင်ဆန်းစုကြည် ခြံတွင်း နိုင်ငံခြားသားဝင်ရောက်သည့်ကိစ္စမှာ အဖမ်းအဆီးခံထားရသည့် ဒေါ် အောင်ဆန်းစုကြည်နှင့်မဆိုင်ပဲ လုံခြုံရေးတင်းကြပ်စွာ ထိန်းသိမ်း ထား သည့် စစ်အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ထိမ်းသိမ်းခံ သက် တမ်း ပြည့် နေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လည် လွတ်ပေးရန်ဆန္ဒပြပွဲ၏ရည်ရွယ်ချက်ကိုထုတ်ဖော်ကြေငြာ၍ မ တ ရား အမှုဆင်ဖမ်းဆီးခံထားရသော အင်းစိန်ထောင်တွင်းမှ ဒေါ်အောင်ဆန်း စုကြည်ကို အမြန်ဆုံးပြန်လွတ်ပေးရန် အပြင်းအထန် တောင်းဆို ခဲ့ကြသည်။ မြန်မာသံရုံးတခါးရှေ့မရောက်ခင် မလေးရှား အာဏာပိုင် ရဲများက ပိတ်ပင်ထားသော်လည်း ဒေါ်အောင်ဆန်းစု ကြည် လွတ် မြောက်ရေးနှင့် မြန်မာ ပြည် ဒီမိုကရေစီအရေးအတွက် တောင်းဆို သံများဟစ်ကြွေး ဆန္ဒပြနိုင်ခဲ့ကြသည်။ NLD(LA)MALAYSIA အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရ ပေါ်ပေါက်ရေးကို လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓါတ်ဖြင့် ဆက် လက် တိုက်ပွဲ ၀င်သွားမည်ဖြစ်ကြောင်း ရှေ့ဆက်ဖြစ်ပေါ်လာမည့် တိုင်းပြည်၏ အရေးအခင်းအားလုံးသည် စစ်အစိုးရ၏ တာဝန် သာဖြစ် ကြောင်း နအဖ အနေဖြင့် ပြည်သူများနှင့် နိုင်ငံတကာခေါင်းဆောင်များ၏ သဘောထားများကို ဂရုမစိုက် ပဲ ထင်ရာစိုင်း ဆောင်ရွက်မည် ဆိုပါက မတရားမှုနှင့်တူညီသော အကျိုးကို ထပ်တူထပ်မျှခံစားရမည်ဖြစ်ကြောင်း ပြင်းထန်စွာ အသိပေးကြေငြာ၍ ဆန္ဒပြပွဲအား နံနက် ၁၀း၃၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။

မှင်ရည်၊ စာလုံးဆေးစက် … အယ်ဒီတာစားပွဲနှင့် အောင်ဆန်း၏ ထိန်လင်း


``လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာပဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာရေးမယ်``

ဦးအောင်ဆန်း

၁၉၄၇ ခုနှစ် မေလ ၃ဝ ရက်

ဖဆပလဌာနချုပ်တွင် ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ပြောကြားသည့် မိန်းခွန့်မှ…..

(က)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။

အတွင်းဝန်ရုံး။

အတွင်းဝန်ရုံးအတွင်းရှိ တိုင်းပြုပြည်ပြုလွှတ်တော် အဆောက်အဦရှေ့ ဝရန်တာတွင် မတ်တပ်ရပ်ရင်း သူတို့တတွေ စကားပြောနေကြ၏။ သူတို့တတွေ ဟူသည်ကား …. ဒီးဒုတ်ဦးဘချို၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာဇော်ဂျီ၊ ဆရာမောင်ထင်၊ ဆရာမင်းသုဝဏ်နှင့် ဦးခင်ဇော်တို့ ဖြစ်၏။

ဗိုလ်ချုပ်အောင်ဆန်းက ဘန်ကောက်လုံချည် နံ့သာရောင်၊ ပိုးအင်္ကျီရင်စေ့နှင့် သပ်သပ်ရပ်ရပ်၊ သားသားနားနား….။ သူတို့ စကားဝိုင်းက စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုအကြောင်းများ ဖြစ်သည်။

``….လွတ်လပ်ရေးရရင် နိုင်ငံရေးကထွက်ပြီး ပညာရေးနဲ့ ယဉ်ကျေးမှုတွေ လေ့လာမယ်။ အာရှအရှေ့တောင်ပိုင်းမှာ လှည့်ပြီး ယဉ်ကျေးမှုတွေကို လေ့လာချင်တယ်….​``

ဒီးဒုတ်ဦးဘချိုက ဗိုလ်ချုပ်အောင်ဆန်းကို ပြော၏။ ဗိုလ်ချုပ်အောင်ဆန်းက စိတ်အားထက်သန်စွာနှင့် စကားပြောလျှင် … သူ၏ နှုတ်ခမ်းသည် အနည်းငယ် `ထော်`၍ သွားတတ်၏။

``ကျနော်လည်း နိုင်ငံရေးက ထွက်မှာပါပဲဆရာ။ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျနော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ ဘိုင်အိုဂရပ်ဖီ (အတ္ထုပတ္တိစာပေ)တွေလည်း လိုတယ်။ ဘာ့ကြောင့် မရေးကြသလဲ မသိဘူး။ ပြီးတော့ … ဗမာအက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေ ရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့ တဦး ဘယ်လိုဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်။ ကျနော်လည်း အနုပညာသမားပါပဲဆရာ….``

ဒီးဒုတ်ဦးဘချိုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့က သူတို့ လုပ်ဆောင်လိုကြသည့် စာပေယဉ်ကျေးမှု အနုပညာ ရည်မှန်းချက်များ ဆွေးနွေးနေကြ၏။ ထိုစဉ်က …. သူတို့သည် နောင် ၅ ရက်အကြာ၌ ဤအဆောက်အဦကြီး အတွင်း၌ပင် အကြမ်းဖက်သမားတစု၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရမည်ကို မသိကြ။ တွေးထင်၍ပင် မထား….။

(ခ)

စာအုပ်အမည် ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ

ရေးသားပြုစုသူ မြဟန်

ထုတ်ဝေသူအမည် ဒေါ်မြင့်မြင့် (မြဲ ၃၇၅၆)

ဒု-လက်ထောက်ညွှန်ကြားရေးမှူး

တက္ကသိုလ်များသမိုင်းသုတေသနဌာန။

စာမူခွင့်ပြုအမှတ် ၆၅၂/၉၇ (၁ဝ)

ထုတ်ဝေသည့်ခုနှစ် ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ (ပထမအကြိမ်)

အုပ်ရေ ၃ဝဝဝ။

ဖြန့်ချိ အင်းဝစာပေတိုက်။

တန်ဖိုး ၂၂၅ကျပ်။

ဆရာမြဟန် ရေးသားပြုစုသည့် ``ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ`` စာအုပ်ကို ၁၉၉၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ထုတ်ဝေ၏။ လွတ်လပ်ရေး နှစ် ၅ဝ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည်ဟု ဆို၏။ တက္ကသိုလ်များ သမိုင်းသုတေသနဌာနမှ ထုတ်ဝေခြင်းဖြစ်သည်။ တက္ကသိုလ်များ သမိုင်း သုတေသနဌာန၏ ညွှန်ကြားရေးမှူးချုပ်က ဒေါ်နီနီမြင့် ဖြစ်သည်။ ဤအတွက်ပင် … အဓိပ္ပာယ်က တမျိုးထူးခြား၍ နေပြန်သည်ဟု စိတ်၌ တွေးထင်မိ၏။ ထားတော့….။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ စာအုပ်တွင် ဆောင်းပါး ၁၁ ပုဒ်၊ အမှာစာ ၅ ပုဒ်နှင့် ကိုယ်တိုင်ရေး အတ္ထုပတ္တိ ၁ ပုဒ်တို့ ပါ၏။ ဆောင်းပါး ၃ ပုဒ်က အင်္ဂလိပ်ဘာသာနှင့် ဖြစ်ပြီး ၈ ပုဒ်ကိုမူ မြန်မာဘာသာနှင့်ပင် ရေးခဲ့၏။ ပဲခူးကဝေ၊ အညာသားလေး၊ မောင်အောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း စသည့် ကလောင်အမည်များနှင့် ဂန္ထလောက မဂ္ဂဇင်း၊ သူရိယ မဂ္ဂဇင်း၊ မျိုးညွှန့် မဂ္ဂဇင်း၊ ဒဂုံ မဂ္ဂဇင်း၊ နဂါးနီ စာစောင်၊ ဗမာ့ခေတ် သတင်းစာ၊ အိုးဝေ မဂ္ဂဇင်း၊ ဇဝန ဂျာနယ်၊ ဒီးဒုတ် ဂျာနယ်တို့တွင် ရေးခဲ့သည့် စာများ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိ၊ ဗမာ့လွတ်လပ်ရေး အရေးတော်ပုံနှင့် Life Sketch of the Author တို့ကို ဗိုလ်ချုပ်၏ ဘဝရုပ်ပုံလွှာများ ဖြစ်သည်။ ၁၉၁၅ မှ ၁၉၄၆ အောက်တိုဘာလအထိ ဗိုလ်ချုပ်၏ ဘဝရုပ်ပုံလွှာ မှန်ကူကွက်များဟု ဆိုရမည်။

(ဂ)

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေခရီး အစက …. ရေနံချောင်း အမျိုးသား ကျောင်းသားဘဝက စခဲ့သည်ဟု ဆိုရမည်။ ရေနံချောင်း အမျိုးသားကျောင်း၌ ကျောင်းစာစောင်တစောင် ထုတ်ဝေရာ ကျောင်းသား မောင်အောင်ဆန်းသည် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ရသည်။ ပထမဦးစွာ ဖော်ပြခြင်းခံရသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဆောင်းပါးမှာမူ ဘာသာပြန်ဆောင်းပါး ဖြစ်သည်။ ၁၉၃၃ ခုနှစ် နိုဝင်ဘာလထုတ် ဂန္ထလောက မဂ္ဂဇင်းတွင် ပါရှိခဲ့ခြင်း ဖြစ်သည်။ `ပဲခူးကဝေ` ကလောင်အမည်နှင့် ရေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က … တက္ကသိုလ်ကျောင်သား ကိုအောင်ဆန်းသည် ပဲခူးဆောင်တွင် နေသည့်အတွက် `ပဲခူးကဝေ` ဟူ၍ ကလောင်အမည် ယူခဲ့ခြင်းလား …. မပြောတတ်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေခရီးတွင် `အယ်ဒီတာ`အဖြစ်က ပိုမို၍ ကျော်ကြားထင်ရှားခဲ့သည်ဟု ဆိုရမည်။ ၁၉၃၆ တွင် `အိုးဝေ`မဂ္ဂဇင်း၌ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် အယ်ဒီတာ့တာဝန် ယူရ၏။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် တာဝန်ယူထုတ်ဝေသည့် `အိုးဝေ`မဂ္ဂဇင်းတွင် `ဆရာညိုမြ`၏ ``ငရဲခွေးကြီး လွတ်နေပြီ``အမည်ရှိ ဆောင်းပါးတပုဒ် ပါလာ၏။ တက္ကသိုလ် အာဏာပိုင်များက ဆောင်းပါးရှင်ကို အရေးယူရန် ဆောင်းပါးရှင်၏ အမည်ရင်းကို အယ်ဒီတာကိုအောင်ဆန်းထံ မေး၏။ `အယ်ဒီတာ့` ကျင့်ဝတ်အရ ဆောင်းပါးရှင်အမည် ထုတ်ဖော်၍ မပြောနိုင်ကြောင်း ကိုအောင်ဆန်းက ငြင်းပယ်လိုက်၏။ ကျောင်းအာဏာပိုင် မျက်နှာဖြူကြီးများက မကျေနပ်ကြ….။ ဤတွင် …. အယ်ဒီတာ ကိုအောင်ဆန်းကို အရေးယူရန် လုံ့လပြုလာကြ၏။ ကိုအောင်ဆန်းအား ကျောင်းမှ ထုတ်ရန်အထိပင် ကြိုးပမ်းလာကြ၏။ ဤမှ … ရန်ကုန်တက္ကသိုလ် ဒုတိယ ကျောင်းသားသပိတ်ကြီးအထိ…။ ကိုလိုနီစနစ် ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုကြီးက ကြီးမားမြင့်တက်ခဲ့၏။ ထိုနှစ်တွင် ထုတ်ဝေသည့် `အိုးဝေ`မဂ္ဂဇင်းအတွဲ - ၆၊ အမှတ် ၁ တွင် အယ်ဒီတာ ကိုအောင်ဆန်းသည် ဤသို့ ခေါင်းကြီးကို ရေး၏။

``ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါ ကျေးဇူးဆိုပါ၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုတ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။

ဤဒေါသလောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက် ရှိ၏။ သို့သော် ငါကား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်``

(ဃ)

ဂျပန်ခေတ် စစ်ဝန်ကြီးတာဝန် ထမ်းဆောင်နေရင်း …. ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ အတ္ထုပတ္တိ ရေးခဲ့၏။ စစ်ရေး၊ နိုင်ငံရေးတာဝန်များ ပိနေသည့် အကြားမှ `လု`၍ ရေးခဲ့သည့် အတ္ထုပတ္တိစာ ဖြစ်သည်ဟု ဆိုရမည်။ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရင်း …. အမျိုးသား လွတ်လပ်ရေးအား အရယူရင်းနှင့် …ဗိုလ်ချုပ်၏အတ္ထုပတ္တိက အဆုံးမသတ်နိုင်ခဲ့။ အခန်း ၂ ခန်းနှင့်ပင် ပြီးသွား၏။ အခန်း ၁ တွင် `ဇာတိ`ဟူ၍ ခေါင်းစဉ်ငယ်ပေးထားပြီး အခန်း ၂ ကိုမူ `ကျောင်းသားဘဝ`ဟု ခေါင်းစဉ်ငယ် တပ်ထား၏။

ဒို့ဗမာအစည်းအရုံးဝင် သခင်အောင်ဆန်း၊ BIA. BDA သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝများကိုမူ ….​`ဗမာ့ခေတ်သတင်းစာ`တွင် ရေးခဲ့သည့် သူ၏ `ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ` ဆောင်းပါးတွင် ဖျတ်ကနဲ …. ဖျတ်ကနဲ တွေ့ရမည်။

ဗိုလ်ချုပ်သည် သူ၏ အတ္ထုပတ္တိအဖွင့် ရေးသားရာတွင် `မြေလတ်`၏ ပထဝီဝင်ကို မိတ်ဆက်ပြ၏။ ပြီးလျှင် …. နတ်မောက်၏ အနီးအဝေး ဝန်းကျင်ကိုလည်း ဖွဲ့ပြန်သည်။ …. မီးရထားဘူတာရုံအနီးတွင် မီးရထားဘက်မှ ဆောက်ထားသော အိမ်တန်းလျားများ ရှိသည်။ ဘူတာ၏ ဝဲယာပတ်လည်တွင် မြေပဲခင်း၊ နှမ်းခင်းတို့ ရှိလေသည်။ ထိုယာခင်းတို့မှ လွန်လျှင် ….. လောကဓာတ် မြန်မာအထက်တန်းသင် ဘုန်းကြီးကျောင်းတကျောင်း ရှိလေသည်။ ထိုမှ ယာတခင်း အလွန်တွင် ၅ ရက် တဈေး ဖွင့်ရာ ဈေးပိုင်း ရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂတ်တန်းလျားများ ရှိလေသည်။ ထိုအနီးတွင် စာတိုက် ရှိလေသည်။ စာတိုက်၏ အနောက်မြောက် မလှမ်းမကမ်းတွင်မူ အိမ်ခြေ ၁၅ဝ ခန့်ရှိ ရွာတရွာ ရှိသည်။ ထိုရွာကို `နတ်မောက်` ဟု လည်းကောင်း၊ `တောင်ရွာ`ဟုလည်းကောင်း ခေါ်ကြလေသည်။

၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ် မွေးဖွားခဲ့၏။ မြန်မာသက္ကရာဇ်အရမူ … ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက် (စနေနေ့) ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့နှင့်ပတ်သက်၍ ဗိုလ်ချုပ်က သူ့အတ္ထုပတ္တိတွင် ….

``ဖေဖော်ဝါရီ ၁၃ ကား နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီး ကိုင်ရို၏ ဟောပြောချက်အရဆိုလျှင် တိုင်းပြည်တပြည်၏ အစိုးရနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများ မွေးတတ်သောနေ့ဟု ဟောထားလေသည်။ ထိုနေ့တွင်မွေးသော ကျနော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား မထင်ခဲ့ကြချေ``

၁၉၄၆ ခုနှစ် တာရာမဂ္ဂဇင်းတွင် ဆရာဒဂုန်တာရာက အောင်ဆန်း (သို့မဟုတ်) အရိုင်း ဟူ၍ ဗိုလ်ချုပ်၏ ရုပ်ပုံလွှာကို ဖွဲ့သည်။ သူ့ကို `အရိုင်း`ဟူ၍ ဝိဂြိုဟ်ပြုသည်ကို ဗိုလ်ချုပ်က သဘောကျဟန် တူ၏။ သူ၏ အတ္ထုပတ္တိတွင်လည်း `အရိုင်း`နှင့် ပတ်သက်၍ ….

``ကျနော် ငယ်ငယ်တုန်းက တော်တော်နှင့် စကားမပြောတတ်။ အနာအဖျား ထူသည်။ အစားကြူးသည်။ အမဲသားငါးကို အလွန်ကြိုက်သည်။ ကျနော်၏ မိခင် ဈေးဝယ်သွားရာ ရံဖန်ရံခါ ကျနော့်ကို ချီ၍ သွားလေသည်။ တခါသော် အမဲသားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျနော် ကြားသိရပေသည်။ လူရိုင်းဘဝက ကျနော် လာသလားမသိ။ ယနေ့ထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများ ရှိသည်။ လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူ၏။ ဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ကျနော် ကြိုက်၏။ ကျနော့်စိတ်တွင် အင်မတန် စိုပြေလတ်ဆတ်သော ဘဝဟု ယူဆသည်။ ကျနော် ငယ်ငယ်ကလေးက ယနေ့တိုင် လူရောစိတ်ရော ပျော့ပြောင်းသည်ဆိုသည့် အချက်ကို နားမလည်ခဲ့၊ နားလည်ရန်လည်း မကြိုးစားခဲ့၊ ကြိုးလည်း မကြိုးစားချင်၊ ကျနော်ကား စကားအပြောအဆို မဖွယ်မယဉ်ကျေး၊ အသက် ၈ နှစ်ထဲ ရောက်၍ ကျောင်းစနေသည့် အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်၊ အမူအယာလည်း ကြမ်း၏။ အလိုက်လည်း မသိ၊ ညစ်လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်းဟူ၍လည်း တခုမျှမရှိ``

(င)

ဗိုလ်ချုပ်သည် သူ၏ အတ္ထုပတ္တိကို ရေးသားရင်း …. သူ့မိသားစုဝင် အချို့၏ အကြောင်းကိုလည်း တို့၊ ထိ ဆွဲခေါ်၍ ပြသွားသေးသည်။

``ကျနော်၏အထက် အကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ၊ ၄ နှစ်မျှ ကွာ၏။ သူနှင့် ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက် ဖြစ်၏။ သူကား လက်မြန်၏။ ကျနော်ကား အားကြီး၏။ မချိန်မဆ လက်လွှတ်စပယ် လုပ်တတ်၏။ သူကား နု၏။ မင်းသား ကျချင်၏။ ကျနော်ကား ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်သည်။ အစားဆိုလည်း အစာတိုင်း မစား၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။ ကျနော်ကား ဖုတ်ဘက်ခါ၍ စားနိုင်လျှင် စား၏။ သူကား အဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏။ ကျနော်ကား မဝတ်တတ်။ မြန်မြန်ညစ်အောင် ဝတ်တတ်၏။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကား ပါး၏။ လျင်၏။ ကျနော်ကား ထူ၏။ အေး၏။ ကျနော်ကား မြှောက်လို့ မြှောက်မှန်းမသိ၊ ချော်လို့ ချော်မှန်းမသိ။ ထုံပေပေ အလွန်နိုင်၏။ တခါသော် ၁ဝ မိုင်ခန့်အကွာ ရွာတရွာသို့ ကျနော်၏ မိဘများနှင့် လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက် ကလေးတယောက်က ကျနော့်အား မြှောက်၍ ဗိုလ်ကြီး-ဗိုလ်ကြီးဟု ခေါ်ရာကျနော်မှာ များစွာသဘောကျကာ ထညက်ဖြူဆုတ်တွေ ခေါ်တိုင်း ပေးခဲ့ဖူးသည်``

သူ့ဖခင် ဦးဖာ ကွယ်လွန်သည့်အချိန်၌ ဗိုလ်ချုပ်သည် ရေနံချောင်း အမျိုးသားကျောင်း၌ ပညာသင်စဉ်ပင် ရှိသေး၏။ ၁၃-၁၄ အရွယ် ဖြစ်မည်။ ဖခင် ကွယ်လွန်ပြီး ၁၅ နှစ်ကျော်ကြာသည့်အချိန်၌ ဤအတ္ထုပတ္တိအား သူ ရေးခြင်းဖြစ်သည်။ သူ၏ အတ္ထုပတ္တိတွင် သူ့ဖခင်နှင့်ပတ်သက်၍ …..

``ကျနော်၏ ဖခင်သည် ကျနော်နှင့် အမူအရာမှာ အတော်ဆင်သည်။ တနေ့နေ၍ စကားတခွန်း မပြော၊ မျက်နှာထား ဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက်မာများလည်း ရှိ၏။ လောကွတ်မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာ နေတတ်၏။ အကိုင်အတွယ်၊ အသွားအလာ၊ အမူအရာ ကြမ်း၏။ ငြင်းမိလျှင် အလျှော့မပေးတတ်၊ သို့သော် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော။ ထိုကြောင့် ရှေ့နေစာမေးပွဲ ဝင်ထားသော်လည်း ရှေ့နေလိုက်၍ စားသည်ကို ကျနော်တို့ မမှတ်မိ။ ကျနော်တို့အား အခြားသူတဦးဦးက ခေါင်းရိတ်ပေးလျှင် အင်မတန် ညင်သာ၏။ ကျနော်တို့ ဖေဖေကား ဓားမထက် တထက်ကို ကောင်းကောင်း မသွေးဘဲ အတင်းတွန်းချ၍ ရိတ်၏။ အထူးပင် ခေါင်းရည်နာ၏။ ကျနော်တို့သည် ၎င်း ခေါင်းရိတ်မည့်အခါကို ရွံ့၏။ တွန့်၏။ သို့သော် ခေါင်းရိတ်သည့်အခါတိုင်း ကျနော့်အကိုကား အမြဲငို၏။ ငိုတိုင်း ခေါင်းပုတ်ခံရ၏။ ကျနော်ကား မငို။ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ် လွတ်၏။``

ဗိုလ်ချုပ်က သူ၏ ငယ်ဘဝကို ဤသို့ မှတ်ချက်ပြု၏။

``… ကျနော်သည် ငယ်စဉ်က ချောင်တချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း နေတတ်သည်။ ကလေးနှင့် မလိုက်၊ အများအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုံစားများစွာ မလေ့ကျင့်၊ သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားမျိုးကိုမှ နှစ်သက်သည်။ တွက်ထိုးခြင်း၊ ကျည်းသားရိုက်ခြင်း စသည်တို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကို မကြိုက်။ ရွရွလုပ်ရသော အလုပ်ဆိုလျှင် ကျနော်နှင့် မဖြစ်။ အချုပ်ဆိုလျှင် ကျနော်၏ ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ ရှိုမြောင်ချောင်းစောင်းကဲ့သို့ အဖုအထစ်၊ အပြစ်အနာအဆာများသည် စိမ်းလန်းစိုပြေညီညာသော မြက်ခင်းသဖွယ် ရှုချင်သဖွယ် မဟုတ်ပေ…``

ကျနော်တို့ လေးစားသည့် အမျိုးသားခေါင်းဆောင်ကြီး အောင်ဆန်း၏ ထိန်လင်းကို ကျနော်တို့ တွေ့ရ၏။


မင်းဆွေသစ်

ကမ္ဘာမကျေဘူး နှင့် နေ့သစ်ကိုကြိုဆိုကြပါစို့

အမေ့အတွက်အားလားကျားလား