
တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်က ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ပစ်ခတ်သဖြင့် ထိုင်းစစ်သား (၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ထိုင်းရွာသား (၃၀၀) ခန့်  ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) နယ်မြေအတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး တပ်စခန်းအား သိမ်းပိုက်နိုင်ရေးအတွက် ဒီကေဘီအေတပ်ရင်း (၉၀၇) မှ အင်အား (၅၀) ခန့်သည် ယနေ့ နံနက် (၁၀) နာရီခန့် ၌ ထိုင်းနိုင်ငံအတွင်းမှ ပတ်၍ဝင်တိုက်ရန် ထိုင်းနယ်မြေထဲဝင်ရောက်စဉ် ထိုင်းစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် ထိုင်းစစ်သည် (၂) ဦး ဒဏ်ရာရပြီး မြန်မာဘက်ခြမ်းရှိ ဘုရင့်နောင်တောင်ကုန်းရှိ နအဖစစ်တပ်မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးရာ ထိုင်းဘက်ခြမ်းရှိ ဖားဒီးထိုင်းရွာအတွင်း လက်နက်ကြီး (၄) လုံး ကျရောက်ပေါက်ကွဲပြီး ရွာသားတဦး ဒဏ်ရာရရှိသွားကာ ရွာသား (၃၀၀) ခန့် မှာ ရွာပြင်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်။
မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့် အကွာ မြန်မာဘက်ခြမ်းတွင်တည်ရှိသည့် တပ်ရင်း (၂၀၁) စခန်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး တည်ရှိပြီး ကပ်လျက်ထိုင်းဘက်ခြမ်းတွင် ဖားဒီးရွာတည်ရှိသည်။
ဒီကေဘီအေတပ်ဖွဲ့ဝင်များက ယခုလောလောဆယ်တွင် မြန်မာဘက်ခြမ်း နယ်စပ်မျဉ်းအနီး တပ်စွဲထားပြီး ထိုင်းဘက်ခြမ်း၌ ထိုင်းစစ်တပ်က တပ်အင်အားတိုးမြှင့်ထားသောကြောင့် ယနေ့ ညဘက်တွင် ထူးခြားမှုတစုံတရာ ရှိနိုင်သည်ဟု ထိုင်းလုံခြုံရေးအရာရှိတဦးက ပြောသည်။
တပ်ရင်း (၂၀၁) မှ အရာခံဗိုလ် စောထီးခုက “ဒီကေဘီအေက ကျနော်တို့စခန်းကိုတိုက်တာ လဆန်းကတည်းက ဖြစ်တယ်။ အခုတော့ အကြံကုန်ပြီး ကျနော်တို့ကို ထိုင်းဘက်ကနေ ဝင်ပိုင်းဖို့ ကြိုးစားရာကနေ တိုက်ပွဲဖြစ်တာပါ။ အခြေအနေအရ ဒီည သူတို့ ကျနော်တို့ကို ဆက်တိုက်ဖို့ ရှိနိုင်တယ်။ ကျနော်တို့ဘက်ကလည်း အရံသင့်ပဲ" ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဒီကေဘီအေတပ်ရင်း (၉၀၇) သည် နအဖလက်နက်ကြီး အကူပစ်တပ်ဖွဲ့ဝင်များ ခြံရံကာ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ယခုလဆန်း (၄) ရက်နေ့ မှ စတင်ထိုးစစ်ဆင်ခဲ့သော်လည်း ယနေ့ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒေသ ဒူးပလာယာခရိုင်ကို ဒီကေဘီအေဘက်မှ ကလို့ထူးဘောဒေသဟု ခေါ်ပြီး ဒေသတွင်း မဟာဗျူဟာကျသည့် ဝေါလေခီးတပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန်ကြိုးစားလျက်ရှိသည်။

0 comments:
Post a Comment